Monday, September 24, 2012

"စစ်ပွဲ" ကို ရပ်








စစ်ပွဲဆိုတာ
လူသတ်ပွဲ

လူသတ်ပွဲကို မလိုတဲ့
ပြည်သူတွေက တောင်းဆိုသံ
"စစ်ပွဲ" ကို ရပ်။

တုတ်မပါ ဓားမပါ။
ဆဲတာ မပါ။
သူတို့တောင်းဆိုတာ "ငြိမ်းချမ်းရေး"
"လူသတ်ရေး" မဟုတ်ဘူး။

လူမသတ်စေချင်တဲ့ ပြည်သူ
လူသတ်ချင်နေသူရဲ့ အတုံ့အပြန်
ငြိမ်းချမ်းရေးတောင်းဆိုသူတွေကို
ဖမ်းမတဲ့။

ငြိမ်းချမ်းရေးကို ပြည်သူက လိုနေပြီ
ငြိမ်းချမ်းရေးကို ဘယ်သူက မလိုတာလဲ။
ငြိမ်းချမ်းရေးကို ပြည်သူက နားလည်နေပြီ
ငြိမ်းချမ်းရေးကို ဘယ်သူက နားမလည်တာလဲ။

စစ်သားတွေကို ရှေ့တန်းပို့တာ ဘယ်သူလဲ
စစ်သားတွေကို သေနတ်ပေးတာ ဘယ်သူလဲ
စစ်သားတွေကို ပစ်မိန့်ပေးတာ ဘယ်သူလဲ
ဘယ်သူ လူသတ်ချင်နေတာလဲ
သယ်သူ ငြိမ်းချမ်းရေးကို မလိုချင်တာလဲ
သွေးဆာနေတာ ဘယ်သူလဲ

ဒီလောက် သွေးဆာနေရင်
ကိုယ်တိုင်သေနတ်ထမ်းပြီး
ရှေ့တန်းထွက် ကျည်ဆံကြားမှာ သွားတိုက်ပါ ဗိုလ်ချုပ်
ကတုတ်ကျင်းထဲက သေမင်း ကျည်ဆံတွေကြား ကိုယ်တိုင် သွားပါ ဗိုလ်ချုပ်
မြေပြင် မိုင်းတောထဲ ခြေအပြတ်ခံ၊ လက်အပြတ်ခံ ကိုယ်တိုင် တောနင်းပါ ဗိုလ်ချုပ်
ဒါမှ မဟုတ် ညကလပ်မှာ ဘီယာထိုင်စုပ် နေတဲ့
ဗိုလ်ချုပ်သားကို စစ်ယူနီဖောင်းဝတ်
ရှေ့တန်းစစ်မျက်နှာထွက်ခိုင်းပြီး
ပြည်ချစ်သားကောင်းကြီး လုပ်ခိုင်းလိုက်ပါ ဗိုလ်ချုပ်
ခြေမွေးလက်မွေး မီးမလောင်တဲ့ ဗိုလ်ချုပ်သမီး
ရှေ့တန်းမှာ စစ်သားတွေပျော်ဖို့ ဖျော်ဖြေရေး ပို့လိုက်ပါ ဗိုလ်ချုပ်။

ခုတော့
မျက်နှာမွဲ စစ်သားတစ်ယောက်
လခလေး ၂ ပဲ ၆ ပြားအတွက်
အသက်ကို ပေးရမတဲ့။
ညီအစ်ကိုချင်း သတ်ရမတဲ့။
တရားတဲ့ အမိန့်လား။
ဘယ်သူသေသေ
ဘယ်သူပြတ်ပြတ်
တိုင်းပြည်မှာ
ဒုက္ခိတ တစ်ယောက်တိုးလာမယ်
မုဆိုးမ တိုးလာမယ်
အဖမဲ့ သားနဲ့သမီး တွေ တိုးလာမယ်။

(တွံတေးသား)။

No comments:

Post a Comment